ဘ၀ ရှင်သန်နေရခြင်း အဓိပ္ပာယ်ကို ရှာဖွေနေမိရင်း ...

Thursday, December 30, 2010

နှစ်သစ်နဲ့ ကျွန်မ


2011 ...

အနိစ္စသဘောတွေကို ဥပေက္ခာပြုပြီး ဒုက္ခကို ချိုမြိန်စွာသောက်သုံးနေမိတယ်။
အနတ္တကို အတ္တတွေဖုံးလွှမ်းပြီး ကိုယ့်စိတ်ကိုကိုယ်တိုင် မီးမြိုက်နေမိလို့ မျက်ရည်တွေတောင် ခမ်းခြောက်နေခဲ့ပေါ့။
နာကျင်မှု၊ ပျော်ရွှင်မှု၊ ပူဆွေးမှု၊ ငြိမ်းအေးမှု .... အစွန်းထွက်မှုတွေနဲ့ ငြိစွန်းခဲ့မိလို့ ခြစ်ရာဒဏ်ရာတွေတောင် မကျက်ချင်ကြသေး ... ဘယ်အချိန်အထိ ၀င်သက်ထွက်သက်ရှိနေလိမ့်ဦးမယ်လို့ မသေချာတဲ့ဘ၀မှာ... ဘာတွေကို ထပ်လိုချင်သေးတာလဲ? ဘာတွေကိုမျှော်လင့်နေတာလဲ? ....
နောင်တတွေ ပူဆွေးမှုတွေ မရှိရလေအောင် တတ်နိုင်သမျှကြိုးစားရင်း ... ဓမ္မကိုနှလုံးသွင်းရင်း ...
ကျွန်မ ..........
ဒီနှစ်ကိုလည်း ကျောခိုင်းနှုတ်ဆက်နိုင်ဖို့ ပြင်ဆင်ရပေဦးမည်။


အားလုံး နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်ပါစေကြောင်း တောင်းဆုပြုလျှက် ...
Shinn Thant Moe

Saturday, December 25, 2010

Christmas နေ့တစ်နေ့

2010 Christmas နေ့ ....

အလုပ်ပိတ်တယ်။ အပြင်မှာ အတော်အေးတယ် ... အိမ်မှာ သူငယ်ချင်းတွေနဲ့စုပြီး ချက်စားကြတယ် .. ကြာဇံချက်၊ ရွှေတောင်ခေါက်ဆွဲ ... မုန့်တွေအစုံ နဲ့ ကစားကြ၊ ရုပ်ရှင်ကြည့်ကြနဲ့ ... ပျော်ရွှင်ဖွယ်နေ့လေးပါပဲ
ရာသီဥတုက နောက်နေ့တွေမှာ ရာသီဥတုဆိုးဖို့ရှိတယ်လို့ ကြားနေရတယ်။ သိပ်ပြီးအခြေအနေမဆိုးဖို့ မျှော်လင့်ရတာပဲ။ ...
ခရစ်စမတ်နေ့ရယ်လို့ သတ်မှတ်ကျင်းပကြတာမဟုတ်ကြဘဲနဲ့ မတွေ့တာကြာပြီဖြစ်လို့ သူငယ်ချင်းတွေစုံကြရတဲ့ နေ့လေးတစ်နေ့ပါပဲ။ Holiday Season တစ်ချို့တွေလည်း အမိမြေကိုပြန်ကြ၊ တစ်ချို့လည်း မိသားစုရှိရာအရပ်မှာ သွားရောက်ဆုံဆည်းကြနဲ့ ..... သူငယ်ချင်းတွေ အားလုံးမစုံကြပေမယ့် အမှတ်တရရှိခဲ့ပါတယ်။ ...
အားလုံးလည်း Christmas မှာ ပျှော်ရွှင်ကျန်းမာရွှင်လန်းရစေကြောင်း ဆုတောင်းပြုရင်း ..

Merry Christmas !


Shinn Thant Moe

မှတ်ချက်။ ။ အမှတ်တရနေ့လေးတစ်နေ့အဖြစ်မှတ်တမ်းတင်ချင်ရုံသက်သက်ပါပဲ။...

Thursday, December 23, 2010

December ခံစားမှု မှတ်တမ်း


2010 December

လဆန်းပိုင်း .... ကြည်နူးမှုတွေ စိတ်လွတ်လပ်မှုတွေ နဲ့ ပျော်ရွှင်စွာ စတင်ဝင်ရောက်လာခဲ့တယ်။

လလယ်ပိုင်း .... အေးစက်မှုတွေ ရှုပ်ထွေးမှုတွေ နဲ့ ဘာမှန်းမသိ ကုန်လွန်သွားတယ်။

လကုန်ပိုင်း .... မျှော်လင့်ချက်တွေ ရုန်းကန်မှုတွေနဲ့ အထီးကျန်စွာ ကုန်ဆုံးရမယ်။

December Holidays တွေမှာ ....
စုံတွဲတွေ ကြည်နူးပြုံးပျော်နေကြတာတွေ မြင်နေရချိန် ... ဘယ်ဆီမှာရှိနေမှန်း မသိသူတစ်ဦးကို လွမ်းဆွေးမိတယ်။
မိသားစု စုံစုံညီညီနဲ့ အပြုံးတွေကို မြင်နေရချိန် .... အဝေးက မိဘရဲ့ နွေးထွေးတဲ့မေတ္တာရင်ခွင်ကို လွမ်းနေမိတယ်။
သူများတွေ အမိမြေ(မြန်မာပြည်)ကို ပြန်ကြဖို့ အစီအစဉ်တကျ ပြင်ဆင်နေတာကို မြင်ရချိန် .... အားကျစွာနဲ့ တစ်နေ့ကိုယ်လည်း ပြန်နိုင်မယ့်ရက်ကို မျှော်မှန်းရေတွက်နေမိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရောက်နေတဲ့အရပ်မှာ ကျွန်မကို ချစ်ခင်ဂရုစိုက်စောင့်ရှောက်ပေးနေကြတဲ့သူတွေနဲ့အတူ 2010 ကို အပြုံးနဲ့ လက်ပြနှုတ်ဆက် နိုင်မယ်လို့ယုံကြည်မိပါတယ်။
.........................

Merry Christmas & Happy New Year to you all !


Shinn Thant Moe