ဘ၀ ရှင်သန်နေရခြင်း အဓိပ္ပာယ်ကို ရှာဖွေနေမိရင်း ...

Sunday, August 15, 2010

Gold

ရွှေလို့ပြောလိုက်ရင် ကျွန်မတို့ မြန်မာလူမျိုးအများစုရဲ့ အတွေးထဲမှာ အ၀ါရောင်ကိုသာပြေးမြင်မိကြမှာ မလွဲပါပဲ။ ... သို့ပေမယ့် ယနေ့ခေတ် ကမ္ဘာတစ်ဝှမ်းမှာ ရွှေသတ္တုကို အရောင်အမျိုးမျိုး ပြုပြင်သုံးစွဲ လာနေကြပါပြီ။ ဒါကြောင့် ကျွန်မတို့ မြန်မာလူမျိုးတွေလည်း ခေတ်နောက်မကျအောင် နိုင်ငံတစ်ကာမှာ အသုံးများနေတဲ့ ရွှေအရည်အသွေး၊ အရောင်အသွေး အမျိုးမျိုးအကြောင်း နည်းနည်းဝေမျှချင်ပါတယ်။
ရွှေကို နိုင်ငံတစ်ကာစံနှုန်း (standard unit)၊ ကာရက်(carat) နဲ့ တိုင်းတာ တွက်ချက်သတ်မှတ်ကြပါတယ်( မြန်မာပြည်မှာကတော့ 'ပဲရည်' ဆိုတဲ့ မြန်မာတိုင်းတာနည်းစနစ်နဲ့ တွက်ချက်ကြပါတယ်)။ ယေဘူယျ အသုံးအများဆုံး ကတော့ 9kt (ct), 14kt နဲ့ 18kt တို့ ပဲဖြစ်ပါတယ်။ ကာရက်အရည်အတွက် ဆိုသည်မှာ ရွှေအား တစ်ခြားသတ္တုများနှင့် ရောစပ်မှုပမာဏ အားညွှန်းဆိုခြင်း ဖြစ်ပါတယ်။ 9kt ရွှေတွင် ရွှေစစ်စစ်ပါဝင်မှု ပမာဏ ၃၇.၅% ရှိ၏ (တစ်နည်း သတ္တုစပ် အပုံတစ်ထောင်ပုံ ၃၇၅ပုံ သည် ရွှေသတ္တုဖြစ်သည်ဟု ပြောဆိုနိုင်သည်)၊ 14kt ရွှေတွင် ရွှေစစ်စစ်ပါဝင်မှု ၅၈.၅% (၅၈၅/၁၀၀၀) ရှိပြီး၊ 18kt ရွှေတွင် ရွှေစစ်စစ်ပါဝင်မှု ပမာဏ ၇၅% (၇၅၀/၁၀၀၀) ရှိ၏။ တစ်ချို့နိုင်ငံများတွင် ထို ကာရက်ပမာဏများအပြင် 22kt, 24kt အစရှိသော ရွှေများကိုလည်း သုံးစွဲကြသေးသည် (ကျွန်မတို့ မြန်မာပြည်တွင် အများဆုံးသုံးစွဲကြသည့် ၁၆ပဲရည် အခေါက်ရွှေမှာ နိုင်ငံတစ်ကာသုံး 22kt နှင့်တူညီသည်ဟု မှတ်သားရပါသည်။) ရွှေ၏ပင်ကိုယ်အရည်အသွေးမှာ အရမ်း ပျော့ပျောင်းလွန်းသဖြင့် အခြားမာကြောသော သတ္တုများနှင့် ရောစပ်အသုံးပြုရခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ယေဘူယျအားဖြင့် ရွှေပမာဏများလေလေ မာကျောမှု နည်းလေလေဖြစ်သည်။ ထို့အတွက်ကြောင့်ပင် ရွှေဖြင့်လက်ဝတ်ရတနာများ ပြုလုပ်ရာတွင် မာကျောမှု ကောင်းမွန်သော 9kt, 14kt နှင့် 18kt တို့အား ပိုမိုအသုံးပြုကြခြင်းပင်ဖြစ်သည်။

ရွှေ၏အရောင်ကွာခြားမှုကတော့ သူနှင့် ရောစပ်သော သတ္တုအရောင်အပေါ်မူတည်ပြီး အ၀ါရောင်၊ ပန်းနီရောင် နှင့် အဖြူရောင် ဟူ၍ ယေဘူယျ အရောင်သုံးမျိုးရနိုင်ပါတယ်။ အ၀ါရောင်ရွှေရဖို့ ကြေး(copper)နဲ့ ဇင့်(zinc) တို့နဲ့ ရွှေကို ရောစပ်ပေးရပါတယ်။ ပန်းနီရောင်ရွှေအတွက် ကြေးနီပါဝင်သောသတ္တုစပ် (copper alloy) ကိုသုံးပေးရပြီး အဖြူရောင်အတွက်တော့ အရောင်ဖြူတဲ့ သတ္တုတွေဖြစ်တဲ့ ငွေ(silver) နဲ့ ပလေဒီယမ်(palladium) သတ္တုတွေကို အသုံးပြုပေးရပါတယ်။ ရွှေ အဖြူရောင်အတွက် အထက်ဖော်ပြပါသတ္တု နှစ်မျိုးအပြင် ဘော်(nickle) သတ္တုကိုလည်း အသုံးပြုတတ်ကြပါသေးတယ်။ သို့ပေမယ့် နောက်ပိုင်း nickle ဟာ ၀တ်ဆင်သူအတော်များများ နဲ့ ဓါတ်မတည့်မှုများ ရှိတဲ့ အတွက် ရွှေကို nickle နဲ့ ရောခြင်းကို နိုင်ငံတော်တော်များများမှာ တားမြစ်ပိတ်ပင်ခဲ့ပါတယ် (ဥရောပနိုင်ငံတွေမှာ ရွှေကို nickle လုံးဝမရောရန် ဥပဒေထုတ် တင်းတင်းကျပ်ကျပ်တားမြစ်မှုကြောင့် nickle ရောမှု မရှိတော့ပေမယ့် အမေရိကားနဲ့ တစ်ခြားအာရှနိုင်ငံများ မှာတော့ အချို့ရွှေတွေကို nickle ရောပြီး ရွှေဖြူ ပြုလုပ်မှု များရှိနေဆဲပါ။)
ထို့ပြင် အ၀ါရောင်ရွှေနဲ့ ပန်းနီရောင်ရွှေများဟာ ရေရှည်မှာ အရောင်ပြောင်းခြင်း၊ မှိန်ခြင်းလုံးဝ ဖြစ်ပေါ်ခြင်းမရှိတတ်ပေမယ့် အဖြူရောင်ရွှေများကတော့ ကွာခြားပါတယ်။ အဖြူရောင်ရွှေ(ရွှေဖြူ) ရဲ့ မူလအရောင်ဟာ မီးခိုးဖျော့ရောင် (light gray color) ဖြစ်ပါတယ်။ ထိုရွှေအား ပြောင်လက်ဖြူဖွေးစေရန် Rhodium လို့ခေါ်တဲ့ သတ္တုတစ်မျိုးကို အရောင်တင်ပေးရပါတယ် (ယနေ့ ရတနာရွှေဆိုင်များတွင် ကျွန်မတို့ မြင်တွေ့နေရသော ရွှေဖြူများမှာ အားလုံး Rhodium ထပ်တင်ထားပြီးသား (Rhodium coating) များ ဖြစ်ပါတယ်။ ထိုကဲ့သို့ အရောင်တင်ထားသော Rhodium ဟာ ၀တ်ဆင်သူအပေါ်မူတည်ပြီး တစ်နှစ်၊တစ်နှစ်ခွဲခန့် တာရှည်ခံတတ်ပါတယ်။ အဲဒီ အချိန်အတွင်းလောက်မှာ အပေါ်ယံ Rhodium အရောင်များ လွင့်ပြယ်၍ မူလရွှေဖြူရဲ့အရောင် ပေါ်လာတတ်ပါတယ်။ အဲဒါကို ရွှေအရောင်မှိန်သွားတယ်လို့ တစ်နည်းပြောတတ်ကြပါတယ်။ အဲဒီလို အခါမျိုးမှာ မူလအရောင်ပြန်ရောက်စေဖို့ re-rhodium plating လို့ ခေါ်တဲ့ Rhodium အရောင်ပြန်တင်ခြင်းကို ပြုလုပ်ရတတ်ပါတယ်။ အဲဒါမှ မူလပြောင်လက်နေသော အဖြူရောင်ရွှေကို ပြန်ရနိုင်ပါတယ်။ ဒါကြောင့် ရွှေဖြူဝတ်ဆင်မယ်ဆိုရင်တော့ အရောင်ပြန်တင်ပေးရမယ့် တာဝန်တစ်ခုပိုနေပါလိမ့်မယ်။ ထိုကဲ့သို့မပြုလုပ်ချင်ရင်တော့ ပလက်တီနမ်(Platinum) ကိုသာဝတ်ဆင်ဖို့ တိုက်တွန်းချင်ပါတယ်။ ........
ကဲဒါကတော့ ကျွန်မလေ့လာမိသမျှ ရွှေတို့ရဲ့ အကြောင်းပါ။ တစ်ခုခုလွဲချော်မှုများရှိခဲ့လျှင်လည်း ရေးသားသူ ကျွန်မ၏အမှားသာဖြစ်ကြောင်းပါ။

စကားမစပ် ကျွန်မတို့မြန်မာနိုင်ငံမှာ ပလက်တီနမ်(Platinum) ကို မြန်မာလို ရွှေဖြူလို့ ခေါ်ဝေါ်သုံးစွဲနေကြတာကို ကြားရပါတယ်။ ဒါဆို white gold (အဖြူရောင်ရွှေ) ကို ဘယ်လိုခေါ်ကြမည် မသိ။ ထို Platinum နဲ့ white gold ကွဲပြားမှုများကို နောင်အခွင့်သင့်လျှင် ရေးသားတင်ပြပါဦးမည်။



လေးစားစွာဖြင့်
Shinn Thant Moe


ကိုးကား။ ။http://gilletts.com.au/information.php?info_id=39

Friday, August 13, 2010

အတ္တတစ်ခု ...


ရင်ထဲတင်းကျပ်
အသက်ရှုမွန်းကျပ်
ပဲ့တင်ရိုက်ခတ်
ရင်ထဲ အထပ်ထပ်
အော်နေမိတယ်
မင်းကို
ကိုယ့်အနားသာ ရှိစေချင် ...




Shinn Thant Moe